Saturday, March 17, 2012

"မိုးငွေ့ ... သို့ ... "


မိုးငွေ့တစ်စက်ရဲ့ ရာဇ၀င်တဲ့
ကောင်းကင်ကြီးက ဖွဲ့သီတယ်
သူ့ အကြောင်းက လှလို့
ငှက်ကလေးတွေတောင် တေးဆိုကြတယ် ...။

အဲ့ဒီနေ့ ...
မိန်ရာသီစက်ဝန်း အစွန်းမှာ
တောင်တန်းပြာက တရစ်
မိုးပြာထစ်ထစ်တွေ
ဆောင်အကုန်နွေအကူး
အလှစုံ အထူးတွေနှင့်
နှစ်သစ်ကို သယ်ယူလာကြတယ် ...။

အဲ့ဒီ အချိန် ...
အိမ်ဂျယ်လိုပါပဲ
တိမ်တွေထဲ ၀ဲ
နွေဦးကျဲကျဲမှာ
မိုးငွေ့ တစ်စက်က
အနာဂတ်ကို ဖွင့်လှစ်လိုက်တယ် ...။

အဲ့ဒီလိုနဲ့ ...
ဟိုး ... အရှေ့မှာ လေပြင်းတွေ
ပင်လယ်နဲ့ တောင်တန်းများ သက်သေတည်လို့
မိုးငွေ့ စီးဆင်းရာ လမ်းကြောင်း
ဖြောင့်ဖြူးခြင်း များစွာဖြင့်သာ ...။

ညလင်းအိမ်

ယနေ့၌ ကျရောက်သော မမီး မွေးနေ့သို့ ...    *.★*HaPpY BiRthDaY ANgEL*★ 。*

Wednesday, February 15, 2012

"သစ်ပင်"



(ငါလေ)
ငှက်ကလေးတစ်ကောင်
အဖြစ် အတောင်ပံကိုဖြန့်
ကမ္ဘာတစ်ခြမ်းကို ဖြတ်ကာ
မြတ်နိုးမှု တည်ရာနောက်
ပျံသန်းလိုက်ချင်ရဲ့။


ဒါပေမယ့်
(ငါ့မှာ) တောင့်တတဲ့
အဲတောင်ပံ တစ်စုံအစား
မြေကြီးကို ကုတ်တွယ်တတ်တဲ့
အမြစ်ရှည်ရှည်တွေသာ
ရှိခဲ့ပါရဲ့ ။


ငြင်းပိုင်ရာမရှိတဲ့
ဘဘာဝတရားရဲ့
လက်ဆောင်မှာ နေသားကျဖို့
ကြိုးစားရင်း
တစ်နေ့မှာ ပြန်လာမယ့်
အရိပ်ခိုသူကိုသာ
ရပ်စောင့်နေမိပါရဲ့ ။


Friday, December 30, 2011

"ကမ္ဘာမြေ"


အပူလှိုင်းတွေနဲ့ ၂၀၁၁
လက်တစ်ဖက်က ဒုက္ခ
လက်တစ်ဖက်က သုခ
သူတို့လွန်ဆွဲပွဲမှာ ကျုပ်တို့နာတယ် ...။

အမှောင်နဲ့ အလင်းတစ်ချို့
ငြိမ်းချမ်းခြင်းရဖို့ တိုက်ခိုက်ကြတယ်
မိုးသောက်ခါနီးမက်တဲ့ အိမ်မက်က
ထင်ယောင်ထင်မှားဆိုတာ သူတို့မသိကြဘူး ...။

လေထုရဲ့ ညစ်ညမ်းမှုမှာ
အောက်ဆီဂျင်က လမ်းပျောက်တယ်
ညမှာ အမှောင်သောက်သူတွေ
ကိုယ့်လမ်းကိုယ်ဖောက်ရင်း
ကမ္ဘာကြီးက ပါးပါးလာတယ် ...။

ပြိုပျက်လာတဲ့ အုပ်ကျိုးချပ်တွေကြား
အသက်တွေ ပိတ်လှောင်ရတယ်
ငြိမ်းချမ်းခြင်းကို အယောင်ဆောင်ပြီး
အမှောင်ထုက လက်ဝါးကြီးအုပ်မှတော့
ရှုလိုက်မိတဲ့လေတိုင်းမှာ ရနံ့တွေ ရှားလာတယ် ...။

ရိုးသားခြင်းတွေက စရိုက်မဲ့
ကြီးနိုင်ငယ်ညှင်းဆိုတာ မင်းမူနေပြီ
လူစွမ်းကောင်းတွေ လက်မထောင်သတဲ့
အပြုံးအတုတွေရဲ့နောက်မှာ
မီးခိုးမြူတွေက ခန်းလုံးပြည့် ကောင်းချီးဖွင့်ကြတယ် ...။

ညရဲ့လမင်းက တခြမ်းပဲ့
လပြည့်ညဆိုတာ တိမ်ထုအယောင်ဆောင်
ဓာတ်အငွေ့တွေကြား
အပြေးအလွှားနဲ့တောင်
ကြည့်သူမဲ့နေတယ် ...။

ကလေးတစ်ချို့ ငိုသံ
မျက်ရည်ခသူတွေရဲ့
ဆာလောင်မွတ်သိပ်မှုတွေကြား
ရေလှိုင်းတွေက တဖုံ
လေပြင်းတွေက တမျိုး
မီးရောင်စုံတွေနဲ့ ဇာတ်ပျက်အောင် တိုက်ကြတယ် ...။

ပန်းတစ်ပွင့်ရဲ့လက်က
ဝတ်ဆံကျပျောက်သွားတဲ့ အနာဂတ်ထဲ
စာရင်းမသွင်းကြပါနဲ့တော့
အနောက်ဘက်မှာ အရှေ့မျှော်သူတွေ ဒုနဲ့ဒေး
အိမ်မက်တွေ တောင်လိုပုံနေရဲ့ ...။

ရောင်နီတစ်နှစ်တော့ ပွင့်ကောင်းပါတယ်
အေးချမ်းခြင်းတွေသယ်ဆောင်လို့
နှစ်သစ်မှာ ပွင့်လန်းပေးပါဦး ကမ္ဘာကြိး
ကိုယ် ထူ ကိုယ် ထ ပဲ ဆို ဆို
သူ ထူ ကိုယ် ထ ပဲ ဆို ဆို
အတိတ်ကို ချနင်း
အိပ်မက်ခြေရင်းမှာ
ကျုပ်တို့ လက်တွေနဲ့
ကမ္ဘာကြီး တည်တံ့နေအုန်းမှာပါ ...။

ညလင်းအိမ် (၃၀.၁၂.၂၀၁၁)

နှစ်သစ်အတွက် ရေးဖွဲ့ပါသည်။ ညီမလေး အေဒီ က ပါဝင်အားဖြည့်ပေးပါသည်။ နှစ်သစ်မှာ စိတ်ချမ်းသာမှု များဖြင့်သာ တွေ့ကြုံကြပါစေလို့ ဆန္ဒပြုရင်း  ....


လေးစားစွာဖြင့်

Thursday, December 1, 2011

နေ ၀င် ည နေ

နေ၀င်ညနေ
အိပ်မက်လေပြေတွေနဲ့
အပြန်လမ်းက အထီးကျန်လိုက်တာ
လွှဲသူမဲ့ လက်တစုံက
လေဟာနယ်ကို ကိုင်စုပ်ထားသမျှ
လွတ်လပ်မှုနယ်ပယ်မှာ ကျွန်တော်က အကျူံးဝင်နေတယ် ...။

ရုပ်ကြွင်းတခုရဲ့ စကားသံမှာမှ
ပန်းတွေ ကြဲချလိုက်သလား
ညဉ့်ငှက်ရဲ့ ပရိသတ် တစ်ယောက်လို
တိုးတိုးတိတ်တိတ်နဲ့ အားပေးလိုက်တယ်
ကြယ်တွေက ငိုလို့ပေါ့ ...။
(ကျွန်တော်ကတော့ ရပါတယ်)

အဲ့ဒီ မြို့ပြမှာ နေသားကျပါတယ်ဗျာ ...
သူတို့တွေ ပျော်သလိုမျိုးပေါ့
ဂစ်တာတစ်လက်ကိုဆွဲ
သီချင်းတစ်ပုဒ် ဟဲ ရဲမှတော့
သင်းကွဲတစ်ကောင်လည်း
အလင်း အမှောင်ထဲ ခပ်ကဲကဲပါပဲ ...။

သံစဉ်တပိုင်းတစတော့ ပြီးဆုံးသွားတယ်
တိတ်တိတ်လေးပေမယ့်
သီချင်းအဆုံးမှာ အက်ကွဲသံ သဲ့သဲ့
ရင်ဘတ်ထဲမှာ ခပ်ယဲ့ယဲ့ပါပဲ ...။

တကယ်တော့
နေ၀င်ညနေဆိုတာ
အနာဂတ် အတွက် ရင်ခုန်ရက်တွေ ပါပဲလေ ...။

ညလင်းအိမ်
(၁.၁၂.၁၁)

Monday, November 28, 2011

သတိ (သို့) အသိ


ဘ၀ ...
ရိုးရှင်းလိုက်တာများ
ထူးတောင် ထူးဆန်းတယ်ကွယ် ...

မှောင်သော ညတွေထဲ
ပျောက်သော လမ်းတွေ
ကျုပ်ကိုယ်တိုင်က လမ်းပြကြယ် တခုပေါ့ ...

ပန်းတိုင်က အနတ္တမို့လား
အခမ်းနားဆုံး စကားတွေနဲ့ ဖွဲ့ဆိုကြပါ
အဲ့ဒီ နံနက်ခင်းတိုင်းမှာတော့
ကျေးငှက်တွေ တေးဆိုတတ်ဖို့ သင်ကြားနေကြတုန်းပါ ...

အဝေးမှာ ဘာမှမရှိ
အနီးမှာ ရှိခြင်းတရားတွေ
လမ်းပျောက်တဲ့ ကလေးကို ကူညီပါ
ကြီးကျယ်မြင့်မြတ်မှုနဲ့ ပျောက်ဆုံးပါ ...

အသံနဲ့ အသက်ရှုသလို
အနံ့ နဲ့ မြင်ကြည့်ပါ
ခင်ဗျားရှေ့ မမြင်နိုင်တာ ဒုနဲ့ဒေး
အတွေးတွေ ကောင်းစားဖို့
ဦးနှောက်တွေ ကျဆုံးကြပြီ ...

သီအိုရီတစ်ခုကို ဖော်သူက ဖော်
ဖျက်သူက ဖျက်
အသိအတတ်ပညာနဲ့
မသိမတတ်တာတွေ သင်ရင်း
ကျုပ်တို့ နဖူးပေါ် လက်တင် အိပ်ကြစို့ ...။

ညလင်းအိမ် (၃၀.၉.၁၁)

Saturday, September 10, 2011

“သို့ ... သူ”

သတိ၇ပါတယ် ...
ဘေးနေရာပေမယ့် အဝေးမှာနေရသလိုပဲ
မြင်သမျှ စကားလုံးများ
ကြားသမျှ အသံပွက်ပွက်
ကျွန်တော်ထက့် အသာမှာမို့
အလှမ်းကွာတာ မဆန်းပါဘူး ... သူ ...။

လှမ်းမျှော်စရာ ပန်းတစ်ပွင့်မို့
မှန်းမျှော်ကာလည်း မရည်မှန်းမိဘူး
တခုတ်တလျလို့ပဲ ဆိုဆို 
မုန်းမရလို့ပဲ ဆိုဆို
ကျွန်တော်မျက်ရည်ပူပူနဲ့
ပွဲဆူအောင်လည်း မလုပ်ချင်ဘူး ... သူ ...။

နေလိုရာစေ ထားလိုရာသွား
မင့်အသံပါးပါးမှ မကြားနိုင်သရွေ့
အရူးလိုပဲ ဆိုဆို 
အမူးလို့ပဲ ဆိုဆို
တခါတခါ မှောင်ရိပ်ခို ငိုရတာ
မသက်သာလှဘူး ... သူ ...။

မုန်းရင်လည်းရူး
ပစ်ရင်လည်း(ရင်)စူးမှာပါပဲ ... သူ
အညာတရဆန်ဆန်လို
ဘ၀ထန်ထန်လှိုင်းထက်မှာ
ယှဉ်တွဲကာ မခေါ်ရက်ဘူး
ရင်ထဲမှာ အနာတရနဲ့
ဒဏ်ရာတရှရှကို ခံယူ
ကျွန်တော်ရင်တွေလည်း ပူတယ် ... သူ ...။

စကားအပို မဆိုတတ်တာနဲ့
အသည်းမာတတ်သူတဲ့လား ... သူ
ပန်းကိုပဲ ပျိုးချင်
အလွမ်းကိုပဲ (ပိုင်) စိုးချင်သူမို့
ပန်းတစ်ပွင့် တင့်တယ်နေသမျှ
တသိမ့်သိမ့်ကြည်နူး
ဒီဥယျာဉ်မှူး ကျွန်တော်
စိတ်ကူးနဲ့ ရူးနေတုန်းပါ ... သူ ...။

ဘယ်လိုပဲဆိုဆို
ရင်ထဲမှာ ငွေ့ရည်ဖွဲ့တုန်းမို့
တချက်ချက်လွင့်လာတဲ့
မင်းအသံထွက် အတွက်
ဆန္ဒတစ်စုံကို စိုက်ပျိုး
လက်ဆစ်တွေကို ရည် (တွက်) ချိုးရင်း
မင်း အပြန်တလှည့်ကို
သေသပ်စွာ ဆုတောင်း
ကျွန်တော် အလွမ်းတွေ ကြောင်းနေပါရစေတော့
ထာဝရ ရင်၌ပျိုးသော ... အို ... သူ ...။

ညလင်းအိမ်
(၁၀.၁၀.၁၁)